မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ် လူငယ်ဖိုရမ်ကိုယ်စားလှယ်အဖွဲ့ ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၂၇

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ်လူငယ်ဖိုရမ် ကိုယ်စားလှယ်အဖွဲ့ ဩဝါဒခံယူပွဲ အခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊‌ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ် လူငယ်ဖိုရမ်ကိုယ်စားလှယ်အဖွဲ့များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက လူငယ်ဖိုရမ်ဆွေးနွေးပွဲသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့များ ရွေးချယ်စေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများအား  ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူ၊ ငြိမ်းချမ်းရေးနှင့် စွန့်ဦးတီထွင်သူများဖြစ်သည့်အတွက် နယ်ပယ်စုံကဏ္ဍပေါင်းစုံမှာရှိသည့် လူငယ်များဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးသည့် မျိုးဆက်သစ်များပင်ဖြစ်ကြောင်း၊ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ်လူငယ်ဖိုရမ် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရရှိလာမည့်အတွေ့အကြုံနှင့်ဗဟုသုတများကိုအခြေခံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စုစည်းညီညွတ်မှုစွမ်းအားဖြင့် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ လူငယ်မဟာဗျူဟာသို့ နိုင်ငံတကာမှ ပညာရှင်များတက်ရောက် ဆွေးနွေးကြမှာဖြစ်သည့်အတွက် သေချာလေ့လာမှတ်သားပြီး မိမိနိုင်ငံ၊ မိမိပြည်နယ်၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ဩဝါဒအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် လူငယ်ဖိုရမ်ကိုယ်စားလှယ်အဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)