ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သည့်ဆေးဝါးများကုသပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ဒေသန္တရဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆေးဝါးကုသပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီးဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုအတက်အကျသွေးဖောက်စစ်ပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများထောက်ပံ့ပေးခြင်းနှင့် အခြားကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသပေးခြင်းအပြင် မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ကလေးငယ်များကိုလည်း လစဥ်ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ပေးခြင်းစသည်ဖြင့် မြို့နယ်နေပြည်သူများအား ကျန်း မာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)