စစ်တွေ ဩဂုတ် ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲကို ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တိုင်းပြည်၏အနာဂတ်လူငယ်များသည် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဒေသကို ချစ်မြတ်နိုးသည့်စိတ်များ၊ အနာဂတ်မိမိတို့၏နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သာမက နိုင်ငံတကာအသိအမြင်များ၊ အတွေးအခေါ်များ၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ရင့်ကျက်တည်ငြိမ်သော အတွေးအခေါ်ရှိသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာရန် ရည်ရွယ်ချက် ကြီးကြီးဖြင့် နိုင်ငံတော်အစိုးရက မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုအခြေအနေတွင် နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်များ၏ကဏ္ဍကို မြှင့်တင်ပေးရန် အလွန်အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဖိုရမ်များကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ဖိုရမ်ကိုသွားရောက်ဆွေးနွေးကြမည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးပွဲတွင် လေ့လာခဲ့ရသည်များကို မိမိဒေသ၊ မိမိပြည်နယ်တွင် ပြန်လည်အသုံးချနိုင်အောင် စနစ်တကျ လေ့လာမှတ်သာားစေလိုကြောင်း၊ ပြန်ရောက် လာသည့်အခါ ဘဝတူလူငယ်၊ လူရွယ်များကို ဗဟုသုတများ ပြန်လည်မျှဝေပေးရန် အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိပြည်နယ်၊ မိမိဒေသဂုဏ်ဆောင်ရမည့်သူများဖြစ်သည့်အတွက် အပြော အဆို၊ အနေအထိုင်၊ အပြုအမူများကို ဂုဏ်သိက္ခာ ရှိရှိပြောဆိုနေထိုင် ဆွေးနွေးသွားကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက ဖိုရမ်သို့ တက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။ ယင်းနောက် ဖိုရမ်သို့ တက်ရောက် ကြမည့် လူငယ်မောင်မယ်များက မိတ်ဆက်ကြရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လူငယ်များကို အကြံပြု ဆွေးနွေးချက်များ ပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက် လူငယ်မောင်မယ်များနှင့် ဖိုရမ်အတွက် သင်ခန်းစာပို့ချပေးကြသူ ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေများပေးအပ်သည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး