ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ဖျာပုံ ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​မြင့်ဇော်၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မိုးလှိုင်တို့က မြန်မာအီလက်ထရောနစ် မဲပေးစက်သည် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကာ လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြီးမားသောအထောက်အကူဖြစ်စေပြီး တက်ရောက်လာသူများအနေဖြင့် ယခုလက်တွေ့စမ်းသပ်မဲပေးခြင်းမှရရှိသည့် အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်သို့ ထပ်ဆင့်မျှဝေပေးသွားကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲမေးစက်ဖြင့် မဲပေးခြင်းအား စနစ်တကျ စုပေါင်း၍စမ်းသပ်မဲပေးခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စု၌ မဲရုံပေါင်း (၁၇၇) ရုံ ဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တင်ပြထားသည့် ပါတီပေါင်း (၁၀) ခုရှိပြီး မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ပညာရေးဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများအား မဲပေးစက် ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်လှစ် ဆောင်ရွက်ထားပြီးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲ အသိပညာပေးဟောပြောသရုပ်ပြသမှုလုပ်ငန်းများကို ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံ (ပြန်/ဆက်)