တပ်ကုန်း ဩဂုတ် ၂၇
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အုန်းပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအနီး ရှေးဟောင်းသားခိုတောင်တော်မြတ်အား ခရီးသွားဖော်ဆောင်ရေးလုပ်ငန်းအတွက် ကျေးရွာအဝင်လမ်းတစ်လျှောက် မဟာလှေခါးပန်းမျိုးကိုင်းများ စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အုန်းပင်ကျေးရွာအဝင်လမ်းတစ်လျှောက် မဟာလှေခါးပန်းမျိုးကိုင်းအပင် ၅၀၀ ပင် စိုက်ပျိုးနေသည့် ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများအားတွေ့ဆုံ၍ ကျေးရွာအဝင်လမ်းတစ်လျှောက် သန့်ရှင်သာယာလှပရေး၊ အပင်များရှင်သန်ကြီးထွားရေး ဆွေးနွေးပြောကြားကာ မဟာလှေခါးပန်းမျိုးကိုင်းများ ကိုယ်တိုင်စိုက်ပျိုးပေးခဲ့ပြီးနောက် မုန့်နှင့် အချိုရည်များ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အုန်းပင်ကျေးရွာအနီး၊ ပွဲစားဆည် ပြန်လည်တည်ဆောက်ရေး၊ စိုက်ပျိုးရေယူမြောင်းတူးဖော်နေမှု၊ ပွဲစားဆည် ရေယူမြောင်းမှ ရေများဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိမိလယ်ယာမြေများ တန်ဖိုးထားလုပ်ကိုင်ဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးရေး၊ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ ဆည်ရေများ အကျိုးရှိရှိသုံးစွဲရေး သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ အုန်းပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၅၆)ကွင်း၊ ဆင်းပဒေသာ - ၁၁ မြေပဲစိုက်ခင်း၊ ချည်မျှင်ရှည်ဝါစိုက်ခင်း၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၈၅)ကွင်း၊ ခရမ်းသီးစိုက်ခင်းများ ကြည့်ရှုခဲ့ပြီး တောင်သူများ အခက်အခဲမဖြစ်ပေါ်စေရေးနှင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်