ချမ်းမြသာစည် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်း စူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ယုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ကျောင်းသား၊ ကျောင်းသူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းက အွန်လိုင်းမှတစ်ဆင့် လောင်းကစားမှု၊ လိမ်လည်မှုများအကြောင်းတို့ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ပြသခဲ့သည်။ ဟောပြောပွဲပြီးနောက် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အာဟာရဒါန ပေါင်မုန့်များ ပေးဝေခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့(ချမ်း/စည်)