ကျောက်ပန်းတောင်း ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား ခေတ်မီအဆင့်မြင့်မြို့တော်များနည်းတူ သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေးအတွက်၊ အဓိကလမ်းမကြီးများဘေး၌ ဖွင့်လှစ်ရောင်းချနေကြသည့်၊ ဈေးဆိုင်များနှင့် အိမ်ဆိုင်များစည်းကမ်းနှင့်အညီ ရောင်းချနိုင်စေရေး အသိပေးဆွေးနွေးခြင်းကို ဩဂုတ်၂၇ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့လယ်လမ်းမကြီးများနှင့် မြို့အဝင်/အထွက် လမ်းမကြီးများ ဘေး၌ လမ်းဧရိယာနှင့် လွတ်ကင်းခြင်း မရှိသည့် ဈေးဆိုင်ခန်းများဖယ်ရှားပေးနိုင်ရေးတို့ကို အသိပေးရှင်းလင်းဆွေးနွေးကြသည်။ အဆိုပါ အသိပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)