သာစည်မြို့နယ် အင်းကုန်းကျေးရွာ၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

သာစည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အားသစ်မာန်ကုမ္ပဏီမှ တည်ထောင်ထားသည့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်း၊ ကျောင်းအုပ်ဆရာမကြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။

ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး ဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဖောင်ဒေးရှင်းတာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်း လွှဲပြောင်းပေးအပ်ပြီး ဖောင်ဒေးရှင်းတာဝန်ရှိသူများက ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား မြို့နယ်ပညာရေးမှူးထံ ပေးအပ်သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဖောင်ဒေးရှင်းမှတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျောင်းဆောင်သစ်မှာ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ RC တစ်ထပ်ဖြစ်ကြောင်း သိရပြီး ကျောင်းဆောင်သစ်နှင့်အတူ စာသင်ခုံများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)