မောက်မယ် သြဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ထူးချွန်ကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နှင်းဆီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ G-10 ကျောင်းသား/ကျောင်းသူလေးများက “အနာဂါတ်လူရည်မွန်” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်၍ အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(မောက်မယ်)မှ ကျောင်းအုပ်ဆရာကြီး ဦးကြည်လင်က ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)