ကျေးသီး ဩဂုတ် ၂၇
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ရပ်ကွက်(၆)ခုရှိ မဲဆန္ဒရှင်ပြည်သူများအား အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ဦးဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ကျေးရွာအုပ်စု(၁၁)ခုရှိ မဲဆန္ဒရှင်ပြည်သူများအား ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က မြန်မာ/ရှမ်းနှစ်ဘာသာဖြင့် (MEVM)စက်နှင့် ဆန္ဒမဲစမ်းသပ်ပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကျေးရွာမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်းပြသပြီး တက်ရောက်လာကြသူများက တစ်ဦးချင်းအလိုက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းရူးခရိုင်၊ ကျေးသီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက် ကျေးသီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်ပြည်သူများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်း အသိပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းငင်း(ပြန်/ဆက်)