မူဆယ် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးမည့်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ကော်မရှင်အရာရှိ ဦးဇာနည်မြင့်ထွန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြီး မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ ကိုယ်တိုင်မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအား သိရှိနိုင်စေရန် မဲဆန္ဒနယ်အသီးသီး၌ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)