အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

မူဆယ် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမပွဲစဉ်အဖြစ် အားမာန်သစ်အသင်းက မူလွန်(၄)အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် “ကျော်’’အသင်းက “ကျေးဇူးကမ္ဘာ’’အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အနိုင်ရခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ဘောလုံးအဆင့်အတန်းမြင့်မားလာစေရေး၊ လူငယ်လူရွယ် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်လူရွယ်များအဖြစ် အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ဩဂုတ်လ ၂၃ ရက်နေ့မှစ၍ အုပ်စုပွဲစဉ်များကို တစ်ရက်လျှင် ၂ ပွဲနှုန်းဖြင့် ကျင်းပပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၁၇-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ (မူဆယ်)