လွယ်တိန်ခမ်းဘိုးဘွားရိပ်သာ၌ ပထမအကြိမ် နှစ်ပတ်လည်အခမ်းအနားကျင်းပ

မူဆယ် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ လွယ်တိန်ခမ်းဘိုးဘွားရိပ်သာ၏ နှစ်ပတ်လည်အခမ်းနားကို အဆိုပါရိပ်သာတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိန်မိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းတို့က အမှာစကားများပြောကြားခဲ့ပြီး၊ လွယ်တိန်ခမ်းဘိုးဘွားရိပ်သာကြီးကြပ်မှုကော်တီဥက္ကဋ္ဌမှ ဘိုးဘွားရိပ်သာ၏ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘိုးဘွားရိပ်သာစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌမှ အဖိုးအဖွားများအား စောင့်ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီမှ နှစ်ပတ်လည်အစီရင်ခံစာအား တင်ပြဆွေးနွေးပါသည်။

ယင်းနောက် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာစောင့်ရှောက်မှုကော်မတီ စာရင်းစစ်မှ စာရင်းစစ်အစီရင်ခံစာအား တင်ပြအတည်ပြုခဲ့ပြီး၊ ဆုံးဖြတ်ချက်များချမှတ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ (မူဆယ်)