လယ်ဝေးမြို့နယ်အတွင်း မိုးစပါးအပြည့်အဝစိုက်ပျိုးရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲအသိပညာပေးမှု ကွင်းဆင်းကြည့်ရှု

လယ်ဝေး ဩဂုတ် ၂၇

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ KCတွင် ကွမ်းခြံ၊ ပိတောက်ချောင်၊ စိုင်ခေါင်းရိုး၊ ရုံးပင်၊ အေလာ၊ လက်ပန်ခုံကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန်၊ သီးနှံများ ရာသီပြည့်စိုက်ပျိုးနိုင်ရေးအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရန် ကျန်လယ်မြေများကို မြေအမြန်ဆုံးပြုပြင်၍ အချိန်မီစိုက်ပျိုးနိုင်ရေး ပြင်ဆင်ကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက သဘာဝမြေဆွေး ပြုလုပ်နည်းများနှင့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဒေသခံတောင်သူများက လိုအပ်ချက်များတင်ပြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက တောင်သူများအား EM ဖျော်ရည်များနှင့် သီးနှံပေါ်ငွေချေစနစ်ဖြင့် သွင်းအားစုများပေးအပ်သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ကွမ်းခြံ KC တွင် သဘာဝမြေဆွေးများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုအားပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ရှင်းလင်းပြသသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် အောင်မြင်ဖြစ်ထွန်းနေသော ကွမ်းခြံကျေးရွာ၊  ကွင်းအမှတ် (၁၇၃၂)၊ တောင်သူ ဦးခင်မောင်ရင်၏ ပေါ်ဆန်း ၂ စပါးမျိုး စိုက်ပျိုးထားရှိမှုအား လည်းကောင်း၊ ပိတောက်ချောင်ကျေးရွာ၊ ကွင်းအမှတ် (၁၇၃၂)၊ တောင်သူ ဦးညွန့်အောင်၏ ပေါ်ဆန်း ၂ စပါးမျိုး ၉ ဧက စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)