မောက်မယ်မြို့နယ်၌ မုန်တိုင်းသတိပေးချက်အား ပြည်သူများသိရှိစေရန် လှည့်လည်နှိုးဆော်

မောက်မယ် သြဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းခန့်မှန်း သတိပေးထုတ်ပြန်ချက်အား အများပြည်သူ သတိပြုပြင်ဆင်ဆောင်ရွက်နိုင်ရန် မြို့ပေါ်ရပ်ကွက်အတွင်း၊ လူစည်ကားရာ လမ်းထိပ်နေရာများတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့ညနေ ၃ နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသတိပေးချက်တွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်မုန်တိုင်း (Kajiki) ကြောင့် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တိုက်ခတ်နိုင်သည်ဟု ကနဦးခန့်မှန်းထားပါကြောင်း၊  ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း ရေကြီးရေလျှံမှုများ ကြုံတွေ့နိုင်ပါသဖြင့် အရေးကြီးစာရွက်စာတမ်းများ၊ ဆေးဝါးများနှင့် အဖိုးတန်ပစ္စည်းများအား ကြိုတင်သိမ်းဆည်းထားရန်၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ကြိုတင်သိမ်းဆည်းထားရန်၊ မုန်တိုင်းသတိပေးထုတ်ပြန်ချက်အား နားဆင်ပြီး အလေးထားလိုက်နာဆောင်ရွက်သွားကြရန်၊ အရေးပေါ်အခြေအနေကြုံတွေ့လာပါက သတ်မှတ်ထားသော စုရပ်သို့ သွားရောက်နေထိုင်ကြရန်၊ ထူးခြားမှုအခြေအနေအား သက်ဆိုင်ရာဆယ်အိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ ချက်ချင်းသတင်းပို့ဆက်သွယ်ကြရန်၊ အကယ်၍ မုန်တိုင်းဝင်ရောက်ခဲ့ပါက မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေညာမှသာ မိမိနေအိမ်သို့ ပြန်လည်ထွက်ခွာကြရန် စသည့်ကြေငြာချက်များဖြင့် ပြည်သူများအား လိုအပ်သည်များ ကြိုတင်ပြင်ဆင်နိုင်ရန် ရပ်ကွက်များအတွင်း၊ လူစည်ကားရာလမ်းထိပ်နေရာများတွင် လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)