မောက်မယ် သြဂုတ် ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မဲဆန္ဒရှင်များအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု၊ ဟန်နားဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်က ဟိုလွိုင်ကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် အဆင့်ဆင့်သုံးစွဲပုံများ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်တပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုပုံနည်းစနစ်များ၊ မဲပေးမှုနည်းလမ်းရိုးရှင်းလွယ်ကူခြင်း၊ အချိန်တိုအတွင်း မဲရလဒ်ရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များရရှိနိုင်ခြင်း၊ ပယ်မဲမရှိခြင်း၊ ရွေးကောက်ပွဲရလဒ်ကိုလည်း အချိန်တိုအတွင်း ကြေညာပေးနိုင်မည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းပြသ ဟောပြောပြီးနောက် တက်ရောက်လာကြသည့် ဟိုလွိုင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှမဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)