ချမ်းအေးသာစံ ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းဘေး ဈေးဆိုင်များနှင့် အိမ်ဈေးဆိုင်များ စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်၂၆ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း လမ်းဘေး ဈေးဆိုင်များနှင့် အိမ်ဆိုင်များစနစ်တကျရှိစေရေး မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ယာဉ်အသွားအလာ ရှုပ်ထွေးမှုမဖြစ်ပေါ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး တို့အတွက် လမ်းမဧရိယာများပေါ်၊ ပလတ်ဖောင်းများပေါ်တွင်ခွင့်ပြုချက်မရှိဘဲ ခင်းကျင်းရောင်းချနေမှုများကိုတားမြစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အိမ်ဆိုင်များမှာလည်း အိမ်ရှေ့မြောင်းပေါ်၊ ပလက်ဖောင်းပေါ်တို့တွင် ပစ္စည်းများ စုပုံခင်းကျင်းရောင်းချခြင်းများကို မပြုလုပ်ရန် အသိပေးစာများပေးပို့ခြင်း၊ သတ်မှတ်ကာလတစ်ခုအတွင်း အသိပညာပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူဦးရေတိုးမြင့်လာသည်နှင့်အမျှ စားသုံးသူလိုအပ်ချက်များရှိလာပြီး ရောင်းချသည့်ဆိုင်များလည်း တိုးလာသည့်အတွက် ဈေးဆိုင် များစနစ်တကျရှိစေရန်၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် စီမံချက်များချမှတ်၍ ထုတ်ပြန်ထားသည့် ဥပဒေ ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း အဂတိတရားကင်းရှင်းစွာဖြင့် ရေတိုရေရှည် စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ဆက်စပ်ဌာနများအချင်းချင်း ချိတ်ဆက်ကာ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့တော်သန့်ရှင်းရမည်၊ သာယာလှပရမည်၊ မြို့တော်နေပြည်သူလူထု စိတ်ချမ်းသာယာရမည် ရည်ရွယ် ချမှတ်၍မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍများအလိုက် လုပ်ငန်း များအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လမ်းဘေး ဈေးဆိုင်များနှင့် အိမ်ဆိုင်များ စနစ်တကျရှိစေရေး စီမံချက်များချမှတ်၍ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ ထိရောက် အောင်မြင်စေရန်အတွက် အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်