၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ ဩဂုတ် ၂၇

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်ပွဲနိုင်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၂၆) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲများ၌ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲအဆင့်နေရာတိုင်းတွင် အောင်မြင်စွာပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော်လည်း အင်အားပြည့် ပါဝင်ယှဉ်ပြိုင်သွားနိုင်ရေး၊ ယခင်နှစ်ထက် အောင်မြင်မှုနှင့် ဆုတံဆိပ်များပိုမိုတိုးတက်ရရှိအောင် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်သွားနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲများ၌ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲအဆင့်နေရာတိုင်းတွင် အောင်မြင်စွာပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲများနှင့် အခြေခံပညာအဆင့် အသက် (၁၀) နှစ်မှ (၁၅) နှစ်၊ အသက်(၁၅)နှစ်မှ (၂၀)နှစ် ပြိုင်ပွဲများ၊ ကဗျာလွတ်အကပြိုင်ပွဲနှင့် အလွတ်တန်းအဆင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား အရည်အချင်းပြည့်မီသူပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်သွားနိုင်ရေး၊ စခန်းသွင်းလေ့ကျင့်သွားနိုင်ရေး၊ လုပ်ငန်းကဏ္ဍအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်