မိုင်းပျဉ်း ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) အသိပညာပေးသင်တန်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က MCCT ထောက်ပံ့ခြင်းနှင့် အာဟာရအကြောင်း အသိပညာပေးရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မိုင်းပျဉ်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဦးမာကုက MCCTနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက မေးမြန်းကြသော အကြောင်းအရာများကို ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်ဆက်)