ကျောက်ဆည်မြို့နယ် အနောက်ရေဖျားတောကျေးရွာ၌ ငှက်ပျောခြံများ ကောင်းမွန်ပြီး ဈေးကောင်းရရှိသဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လယ်မြေများတွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ကိုင်းကျွန်းမြေနှင့်ယာမြေများ၌ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အနောက်ရေဖျားတောကျေးရွာ၌ စိုက်ပျိုးထားသောငှက်ပျောခြံများ ကောင်းမွန်ပြီး ရောင်းချရာတွင်ဈေးကောင်းရသဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငှက်ပျောသီးနှံစိုက်ပျိုးရာ၌ သွင်းအားစုနည်းပါးခြင်း၊ မိသားစုလုပ်အားဖြင့် စိုက်ပျိုးနိုင်သည့်အပြင် အလုပ်သမားရှားပါမှု မရှိခြင်းတို့ကြောင့် ငှက်ပျောသီးနှံ ရွေးချယ်စိုက်ပျိုးကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ သိရှိရပြီး ငှက်ပျောစိုက်ရာတွင် လေဝင်လေထွက်ကောင်းမွန်စေရေးနှင့် ထွန်ထယ်ပြုလုပ်ရာ၌ အဆင်ပြေစေရေး အတန်းလိုက်စိုက်ပျိုးကြပြီး အကွက်ချစိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၈) ပေအကွာ စိုက်ပျိုးကြပြီး၊ နှစ်ပင်တန်း(စွယ်စုံ)စိုက်ပျိုးမည်ဆိုပါက (၁၀) ပေခန့်အကွာ စိုက်ပျိုးကြကြောင်း သိရသည်။

ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး (၈) လတွင် ငှက်ပျောအဖူးများစတင်ထွက်ရှိပြီး (၁၀) လကျော်တွင် စတင်ခုတ်ရောင်းရကြောင်း၊ ရောင်းချရာ၌ ငှက်ပျောအဖီး (၆) ဖီးပါ ငှက်ပျောအခိုင် (၄၀) ကို နွားလှည်းတစ်စီးအဖြစ် သတ်မှတ်ပြီး ငှက်ပျောတစ်ဧကတွင် ပျမ်းမျှလှည်းအစီးရေ (၁၃) စီးမှ (၁၄) စီးအထိ ထွက်ရှိကြောင်းနှင့် ရောင်းချရာ၌ ငှက်ပျောလှည်းတစ်လှည်းလျှင် ငွေကျပ် (၆) သိန်းမှ (၆) သိန်းခွဲအထိ ရောင်းချရဖြင့် ငှက်ပျောစိုက်တောင်သူများ ဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)