ကျောက်ပန်းတောင်းမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားရှိသည့် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အကူအညီဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အဓိကစိုက်ပျိုး သီးနှံများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် ဝါသီးနှံများကို၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မျိုး၊ နည်းပညာအကူအညီများရယူ ဆောင်ရွက်လျက်ရှိကြရာ၊ ယခုနှစ်မေလဆန်းပိုင်းလောက်တွင် စတင်စိုက်ပျိုးခဲ့ကြသည့် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။

ပဲစဉ်းငုံသီးနှံကို ပြည်ပပို့ကုန်အဖြစ် အဓိကထား စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရပြီး၊ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ၇၅၄၇၇ ဧက စိုက်ပျိုးရန် လျားထားခဲ့သည့်အနက်၊ အမှန်တကယ်မြေပြင်တွင် ၈၄၄၀၆ ဧက စိုက်ပျိုးခဲ့ရာ၊ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် စိုက်ပျိုးမှုရာခိုင်နှုန်း ၁၁၁.၈၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရပြီး၊ တစ်မြို့နယ်လုံး စိုက်ဧက ၈၄၄၀၆ ဧက အနက် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာနှင့် မျိုးစေ့ပံ့ပိုးကူညီမှုဖြင့် ရွှေဒင်္ဂါးမျိုး ပဲစဉ်းငုံစိုက်ခင်း ၅၅၀၀ ဧကကို ပန်းတိုင်အထွက်နှုန်းရရှိရေး အဓိကမျှော်မှန်း၍ တောင်သူများအား စည်းရုံးစိုက်ပျိုးခဲ့ရာ၊ ၎င်းစိုက်ဧကအားလုံးလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)