ဟိုပုံး ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိဘဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်သည် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့်စနစ်ဖြစ်ကာ လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြီးမားသော အထောက်အကူဖြစ်စေပြီး တက်ရောက်လာသူများအနေဖြင့် ယခုလက်တွေ့စမ်းသပ်မဲပေးခြင်းမှ ရရှိသည့်အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်သို့ ထပ်ဆင့်မျှဝေပေးသွားကြရန်ပြောကြားသည်။ ထို့နောက် စငေါကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲမေးစက်ဖြင့် မဲပေးခြင်းအား စုပေါင်း၍ စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)