ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ် အသိပညာပေး သင်တန်းဖွင့်လှစ်

ညောင်ရွှေ ဩဂုတ် ၂၇

ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဆောင်ရွက်သည့် MCCT အစီအစဉ် အသိပညာပေးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဩဂုတ်လ (၂၅) ရက်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက် (၂)အောက်ကလေးသူငယ်များအား ထောက်ပံ့ပေးသည့်အစီအစဉ်၊ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဌာနများ၊ ကိုယ်ဝန်ဆောင်အချက်အလက်များရေးသွင်းခြင်း၊ ကလေးစာရင်းရေးသွင်းခြင်း၊ ထောက်ပံ့ပေးခဲ့မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းရပ်များ အကြောင်းကို အသိပညာပေး ဆွေးနွေးပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ