ညောင်ရွှေ ဩဂုတ် ၂၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက အင်းလေးဒေသအတွင်းရှိ ကေလာကျေးရွာအုပ်စု၊ ကေလာကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်မြသန္တာဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်း သိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရုပ်ပြကွင်းဆင်းခြင်းလုပ်ငန်းသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နန်းပန်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် ငါးဖယ်ချောင်းကျေးရွာအုပ်စု၊ ငါးဖယ်ချောင်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ