ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းဒန်းစီးပွဲတော်ကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော အာခါတိုင်းရင်းသားတို့၏ ရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကို ဩဂုတ်လ ၂၅ ရက်နေ့က အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပသည်။

ဦးစွာ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက အာခါတိုင်းရင်းသား လူမျိုးများ၏ရိုးရာ ဒန်းစီးပွဲတော်မှသည် စည်းလုံးခြင်း၊ အေးချမ်းသာယာခြင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆီသို့ စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ရိုးရာအစဉ်အလာ အတိုင်း အာခါတိုင်းရင်းသားလူငယ်များက ဒန်းတော်အားစီးနင်း မင်္ဂလာပေးကြသည်။

အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က အမှာစကားပြောကြားပြီး ပြည်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဒန်းစီးပွဲတော် ကျင်းပရေးကူညီခဲ့သူများ၊ ဒန်းစီးပြိုင်ပွဲတွင် ဆုရရှိသည့်လူငယ်များနှင့် အမေ့ရင်ခွင်ကျောင်းအတွက် ပံ့ပိုးကူညီခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ အာခါတိုင်းရင်းသားအကြီးအကဲက အာခါတိုင်းရင်းသား လူမျိုးများ၏ကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဧည့်သည်တော်များအား အာခါတိုင်းရင်းသားနှင့် ဒေသနေတိုင်းရင်းညီနောင်များက အဆိုအကများ၊ ရိုးရာအစားအစာ များဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြကြောင်းသိရသည်။

ထို့အတူ အာခါတိုင်းရင်းသားတို့၏ ရိုးရာစု‌ပေါင်း ဒန်းစီးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒေသအလိုက်၊ ကျေးရွာအလိုက် နှစ်စဉ် စားရေရိက္ခာ ဖူလုံကြွယ်ဝစွာ ရရှိစေရန်၊ ညီညွတ်ခြင်း၊ အေးချမ်းခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိုက်ထူထားသည့် ဒန်းတော်ကိုပျော်ရွှင်စွာ စီးနင်းကာ မိမိတို့၏ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဒန်းစီးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)