ဇမ္ဗူသီရိ ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်နယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင် ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဆောင်ရွက်ပြီး အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ မရွှန်းအိသွယ်(Grade-8)က “လူငယ်နှင့် Smart Phone” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်စုံမျိုးမြင့်(Grade-8)က “လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မနန်းခမ်းယိင်းနွဲ့ (Grade-7)က "လူငယ်နှင့်စိတ်ဖိစီးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမွန်မြတ်ပုံသွင် (Grade-7)က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပိုင်မှူးသန့် (Grade-7)က "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး “လူငယ်စကားဝိုင်း” ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်/စာစောင်များ၊ အသိပညာပေးနံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)