မိုင်းယုမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် အသိပညာပေးဟောပြော

မိုင်းယု ဩဂုတ် ၂၇

မျက်မှောက်ကာလတွင် ဆက်သွယ်ရေးနည်းပညာများတိုးတက်လာမှုကို အခွင့်ကောင်းယူပြီး လိမ်လည်မှုဖြစ်စဉ်များ ကျူးလွန်နိုင်သဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကို သိရှိနိုင်ရေးအတွက် ဆင့်ပွားအသိပညာပေးဗီဒီယိုပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC)မှ ပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုဖိုင်(၂)ခုအား ပရိုဂျက်တာဖြင့် ပြသပေးခဲ့ပြီး၊ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ လိမ်လည်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်သွယ်ရေးကိရိယာဆိုင်ရာ မိုဘိုင်းဖုန်းများ၊ Social Media များ၊ အွန်လိုင်းဆိုင်ရာဂိမ်းများနှင့် Website Application များ စသည့်နည်းပညာများကို အသုံးပြု၍ အုပ်စုဖွဲ့ငွေကြေးလိမ်လည်မှုဖြစ်စဉ်များအကြောင်းအား သတိပြုရှောင်ရှားသင့်ကြောင်းကို နယ်မြေမြို့မရဲစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းနှင့် မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နာလောဘိုတို့က အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

အခမ်းအနားကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာ ဗီဒီယိုများကြည့်ရှုခြင်းနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများရရှိခဲ့ကြကြောင်း သိရသည်။

မိုင်းယု(ပြန်/ဆက်)