တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ကေလာကျေးရွာ၌ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဩဂုတ် ၂၇

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ ဒေသဖွံ့ဖြိုးရေးစီမံချက်အရ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲကို ယမန်နေ့ နံနက်(၉)နာရီက အင်းလေးဒေသ ကေလာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။  

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မိမိတို့ကျေးရွာပတ်ဝန်းကျင်တွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဦးခွဲခြားမောင်က အားကစားနှင့်ကာယပညာဦးစီးဌာနအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများသည် ခင်းကျင်းပြသထားသည့်  အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ