ရန်ကုန် ဩဂုတ် ၂၆
ကမ္ဘာ့အဆင့် E Sport sWorld Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပနိုင်ရေး၊ အားကစားကွင်း/အားကစားရုံများ သန့်ရှင်းစနစ်တကျရှိစေရေးနှင့်အောင်နိုင်ရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာအားကစားကွင်း/အားကစားရုံမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ ကမ္ဘာ့အဆင့် E Sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု YG ( Yangon Galacticos)အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ အလှူရှင်များပေးအပ်လှူဒါန်းရာတွင် အဆင်ပြေချောမွေ့စေရေး၊ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်နိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး ကိစ္စရပ်များအားတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ထပ်မံဖြည့်စွက်ဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်မှလိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ အားကစားကွင်း/အားကစားရုံများ၏လက္ခဏာအင်္ဂါရပ်များနှင့်အညီအမြဲသန့်ရှင်းသပ်ရပ်သာယာမှုရှိစေရန်၊ ဘောလုံးကွင်းများ၌ ဂိုးတိုင်/ဂိုးပိုက်ကောင်းမွန်စေရန်နှင့် ဘောလုံးကွင်းမြက်ခင်းပြင်စိမ်းလန်းစိုပြေစေရန်၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားပြင်ဆင်ဆောင်ရွက်ရာတွင် လိုအပ်သည့်ကိစ္စရပ်များအား အသေးစိတ်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်မှာကြားပြီးနောက်တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)