မိုးနဲ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက် အသိပညာပေးခြင်းနှင့် မဲပေးစက်ဖြင့် လက်တွေ့စမ်းသက် သရုပ်ပြခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မိုးနဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက မဲပေးရာတွင် ဥပဒေအရအရေးယူခံရမည့် လုပ်ရပ်များ၊ မဲပေးခွင့်ရှိသူများ၊ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိစေရေး ပြုလုပ်ထားရမည့်အချက်များ၊ ယခင်မဲပေးစနစ်နှင့် ယခုမဲပေးစနစ်ကွာခြားပုံ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုတက်စေရန် ပြုလုပ်ရမည့်နည်းလမ်းများ၊ သတိပြုရမည့် မဲရုံနှင့်ကိုက် ၅၀၀အတွင်းရှိ မဲပေးမည့်ပြည်သူများအား စည်းရုံးခွင့်မရှိကြောင်း၊ မဲပေးပြီးနောက် မည်သူအားပေးခဲ့သည်ကို ထုတ်ဖော်ပြောကြား၍မရကြောင်း၊ မဲပေးပြီးစီးကြောင်း ပြုလုပ်သင့်သည့်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး ကချင်၊ လီဆူး၊ ကယန်း၊ ဗမာ၊ အာခါ၊ လားဟူ၊ အင်းတိုင်းရင်းသားများအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသား(၄)မျိုးကို မဲပေးနိုင်ပြီး ကျန်တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားမှအပ ကျန်(၃)မျိုးကို မဲပေးခွင့်ရှိကြောင်း မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့တွင် မဲရုံ ၃၉ ရုံပြုလုပ်သွားမည်ဖြစ်ကြောင်း ရပ်ကွက်ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မဲစာရင်းကြော်ညာများကို အများပြည်သူများ သိသာထင်ရှားသောနေရာများတွင်ကပ်ကာ ပြသသွားမည်ဖြစ်ကြောင်း မြန်မာဘာသာ၊ ရှမ်းဘာသာ(၂)မျိုး စလုံးဖြင့် အသိပညာပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်သည့်နေရာသို့ တာဝန်ရှိသူများမှ လာရောက်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မဲပေးစက်ဖြင့် မဲပေးနည်းကိုလည်း လက်တွေစမ်းသက်သရုပ်ပြခဲ့ကြောင်းနှင့် ဥယျာဉ်ရပ်ကွက်နေပြည်သူ စုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို