အမရပူရ သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (ယန္တရား)ရှိ ဘက်စုံခန်းမတွင် သြဂုတ်လ ၂၅ ရက်နေ့၊ နေ့လယ် ၁ နာရီက မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းမှ ဒေါ်သင်းသင်းဦးကမူးယစ်ဆေးဝါး သမိုင်းကြောင်းများကိုလည်ကောင်း၊ ဦးမြင့်သန်းနှင့်ဦးသန့်ဇင်ဦးတို့က မူးယစ်ဆေးအမျိုးအစားများနှင့် ဆိုးကျိုးများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းမှ ဒေါ်ခင်မေပိုင်က ဟောပြောဆွေးနွေးသွားမှုအပေါ် ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းများမေးမြန်းပြီး ဖြေကြားပေးသော ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ ဆရာ၊ ဆရာမ ၂၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦး တက်ရောက်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
စိုးသီဟ(အမရ)