နမ့်စန်မြို့နယ် အားကစားကွင်းတွင် အထူးတန်းပွဲကြည့်စင်အသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

နမ့်စန်(တ) ဩဂုတ် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ မြို့နယ်အားကစားကွင်းအတွင်း အထူးတန်းပွဲကြည့်စင် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အဆိုပါအားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်ချုပ်စိုးအောင်က ဦးဆောင်၍ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်လင်းကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် မြို့နယ်အားကစားကော်မတီမှ တာဝန်ရှိသူများက ပန္နက်တင်မင်္ဂလာအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအထူးတန်းပွဲကြည့်စင်(၁၃၀ x ၃၀)ပေ (၂)ထပ်အဆောက်အဦကို ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း(၅၈၅)သန်းဖြင့် နှင်းမြရွှေစင်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက အားကစားဝါသနာရှင်ပရိတ်သတ်(၃၅၀)ဦးကျော်ခန့် ကြည့်ရှုရန် ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။

သူရအောင်(နမ့်စန်)