ရန်ကုန် ဩဂုတ် ၂၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယမန်နေ့တွင် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် ကော်မရှင်မှထုတ်ပြန်ထားသော ကျင့်ဝတ် (CODE OF CONDUCT) ကို လိုက်နာစောင့်ထိန်းရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူလျက် အများပြည်သူများကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ (၃) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာန/အဖွဲ့အစည်း ၃၈ ခု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု တို့တွင် CPU အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားမှုအသိပညာပေးခြင်းဆိုင်ရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပြုစုထားရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ/ ပြည်နယ်များနှင့် တက္ကသိုလ်၊ သိပ္ပံကျောင်းများတွင် ပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ Edutaiment အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် မိမိတို့ဝန်ထမ်းများအနေဖြင့် အရည်အချင်း၊ အရည်အသွေးပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန်လိုကြောင်း၊ မိမိအလုပ်ကို တန်ဖိုးထား၍ ကြိုးစားလုပ်ဆောင်ရန် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်လိုကြောင်း မှာကြားခဲ့ပြီး ရုံးခွဲတာဝန်ခံညွှန်ကြားရေးမှူး၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုတင်ပြချက်များ အပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ရုံးခွဲအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်