မိုးနဲမြို့နယ်၌ မိုးမြေပဲစိုက်ခင်းများ စတင်ရိတ်သိမ်း

မိုးနဲ ဩဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာနေပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အများဆုံး လုပ်ကိုင်လျက်ရှိပြီး သီးနှံစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမိုးမြေပဲများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ် ဆောင်‌ရွက်ပေးမှုနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်စံပြစိုက်ကွက်များကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိရာ မျိုးသန့်ပွားစိုက်ခင်နေရာ၌ မြေပဲများစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် အတွက်မြေပဲ  ၄၄၀  ဧကတွင် မျိုးစေ့ထုတ်စိုက်ခင်း ၅ ဧကနှင့် မျိုးသန့်ပွား ၅ ဧကအပါအဝင် မိုးမြေပဲကို ဧပြီလနှင့်မေလများတွင် စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် နုတ်ယူခူးဆွတ်ရကြောင်း၊ တောင်သူများအနေဖြင့် ဒေသမျိုးရင်းများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးမြေပဲကို အတန်းလိုက် စနစ်ဖြင့်စိုက်ပျိုးပြီး တစ်ဧကလျှင် ငွေကျပ်ခြောက်သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က မြေပဲအခြောက်တောင့်တင်း ၅၂ တင်းကျော်ထွက်ပြီး ယခုနှစ်မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းရာတွင် ၆၅ တင်းကျော်ထွက်ရှိကာ မြေပဲမျိုးများအဖြစ် ဆင်းပဒေသာ -၁၁ နှင့်မ‌ကွေ-၁၆ မျိုးများဖြစ်ပြီး နောင်လာမည့်နှစ်အတွက် အထွက်ကောင်းမျိုးများ ပိုမိုတိုးချဲစိုက်ပျိုးနိုင်ရေးအတွက် မြေပဲမျိုးများပြန်လည်ဖြန့်ဖြူပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီမှူး ဦးဇော်မော်ဦးက ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ(မိုးနဲ)