ဗိုလ်တထောင် ဩဂုတ် ၂၆
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ စကားပုံဆက် ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ မေမြတ်စန္ဒာက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရသည့် ရည်ရွယ်ချက် အကြောင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲနှင့် ပူစီဖောင်းမှုတ်ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များ၊ စာရေးဆရာမ မေမြတ်စန္ဒာ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ခဲ့ကြသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်တို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)