အလုံမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

အလုံ ဩဂုတ် ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ဦးစီးမှူးရုံးမှ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွါးရေးဘဏ်၊ ကြည့်မြင်တိုင် (အလုံမြို့နယ်) တွင်အငြိမ်းစားဝန်ထမ်းများအား Biometric ကောက်ယူခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်လဝကဦးစီး၀င်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးသို့ လာရောက်မဆောင်ရွက်နိုင်သည့် နိုင်ငံ့၀န်ထမ်းအငြိမ်းစား၀န်ထမ်းများအား ပင်စင်ထုတ်ယူရာတွင် အဆင်‌ပြေစေရန် Biometric ကောက်ယူခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး၀င်းနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့ပြင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက် ၁၆-၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ် ပြားမပြုလုပ်ရသေးသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)