ကမာရွတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲ​ပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန် သြဂုတ် ၂၆

ရန်ကုန်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့အီလက်ထရေနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကမာရွတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်သဇင်ဖြူက မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် အသုံးပြုပုံ/အသုံးပြုနည်းအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားရာ တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက သိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြန်မာ့အီလက်ရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကမာရွတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်တီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)