ကလော ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆရာ/မများ၊ အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ၊ အကအဖွဲ့၊ ဘင်ခရာအဖွဲ့များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ၊ အကအဖွဲ့ဝင် ကျောင်းသား/သူများ၊ ဘင်ခရာအဖွဲ့များမှ ကွင်းအတွင်းနေရာယူခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အားကစားသမားများက ဘင်ခရာအဖွဲ့ဖြင့် မြန်မာနိုင်ငံတော်အလံကိုအလေးပြု၍ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ကလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဖျော်ဖြေရေး အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ အကအဖွဲ့မှ အာရှမြန်မာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ခြင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းမှဘင်ခရာအဖွဲ့နှင့်အထက်တန်းကျောင်း(ခွဲ) (လ-၁)ကျောင်းမှ ဘင်ခရာအဖွဲ့တို့က သရုပ်ပြတင်ဆက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့်အလှူရှင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအသင်းနှင့် ဟဲဟိုးမြို့အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်အပြီးတွင် အ.ထ.က(၁)အသင်းက ဟဲဟိုးမြို့အ.ထ.က-(၄)အသင်းကို (၄-၀) လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်(၁၆)သင်းဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရှိရသည်။
ကျော်ဝင်း(ကလော)