ဟိုပုံး ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာ နမ်းဟုတ်ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အသိပညာပေးဟောပြောခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးများ၏ ကြိုတင်ပြင်ဆင်ရန်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချအသုံးပြုကြရန်နည်းလမ်းများကို အကျယ်တဝင့်ဟောပြောဆွေးနွေးပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိအမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)