တာချီလိတ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ အလူရာဟိုတယ်နောက် မယ်ဆိုင် ချောင်းကမ်းဘေး မြေသားတာဘောင် ရေထိန်းနံရံအဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဗျူဟာ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့၏ လမ်းညွှန်မှုဖြင့် ပုန်းထွန်ရပ်ကွက် အလူရာဟိုတယ်နောက် မယ်ဆိုင်ချောင်းဘေး ရေထိန်းနံရံအဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက မယ်ဆိုင်ချောင်းအတွင်း ချောင်းထဲမှ ကမ်းပေါ်အထိ တာဘောင်အမြင့် ပေ ၃၀၊ အကျယ် ပေ ၂၀၊ စုစုပေါင်းအရှည် ပေ ၁၆၃၀ ထိ လက်ရှိမြေသားတာဘောင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြသခဲ့ပြီး တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်နှင့် ပြည်သူများ ဘေးအန္တရာယ်လုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အလိုက် သဘာဝဘေးအန္တရာယ် အသိပေးချက်များ ထုတ်ပြန်ခြင်း၊ ကြော်ညာခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများ၊ စက်တပ်လှေများ၊ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
နေပြည်တော် မိုးဇလထုတ်ပြန်ချက်အရ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသ၊ မြစ်၊ ချောင်းအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု၊ ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)