နေပြည်တော် ဩဂုတ် ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့သွားရောက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ် ရေကျော်နေမှု အခြေအနေများ၊ ပင်လောင်းလမ်းဆုံမှ ကျောက်ချက်ကျေးရွာကြား လမ်းဘေးဝဲယာ ရေစီးဆင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ပြည်ထောင်စုလမ်းမကြီးဘေး ဝဲယာရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ မပိုက်ကယ်ရိုး၊ အိုင်စောက်ရိုးနှင့် မျက်လှည့်ရိုးများတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှင်းလင်းဆောင်ရွက်ထားရှိရေး၊ လမ်းမကြီးပေါ် ရှိရေများ အမြန်ကျဆင်းရေးအတွက် ရေထွက်ပေါက်များ ရှင်းလင်းရေးနှင့် ရေတံခါးများတွင် အမှိုက်ပိတ်ဆို့မှုများ မရှိစေရန်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဘေး နေပန်လပန်ကွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်နေမှုများ၊ လမ်းရေကျော်နေမှုများအား ရေများအမြန်ကျဆင်းစေရေးအတွက် မပိုက်ကယ်ရိုးမှ နရဘန်ချောင်းအတွင်းသို့ ၁၀ လက်မပိုက် ၅ လုံးဖြင့် ရေဖောက်ထုတ်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပေါင်းလောင်းမြစ်အတွင်းသို့ ရေများအမြန်စီးဆင်းနိုင်ရေးအတွက် ပေါင်းလောင်းမြစ်အတွင်းသို့ဝင်ရောက်သည့် ကျွန်းရောင်း-အိုင်စောက်-ပေါင်းလောင်း ရေထုတ်မြောင်း၊ လူတေရိုး၊ မျက်လှည့်ရိုး၊ ငဖယ်အင်းရိုးများတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဒိုက်များ၊ အမှိုက်များ ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီးဘေးဝဲယာ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)