တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တာချီလိတ် ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြာပွဲကို ယမန်နေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲအုပ်မင်းခိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရည်မှန်းချက်တာဝန်များ၊ လူမှောင်ခို၊ လူကုန်ကုန်ကူးမှု၏အဓိပ္ပါယ်နှင့် လူကုန်ကူးမှုမြောက်သည့် နည်းလမ်းများ၊ ယနေ့ခေတ်တွင် အွန်လိုင်းဆိုရှယ်မီဒီယာများအသုံးပြု၍ လောင်းကစားမှုများ၊ လူကုန်ကူးမှုနှင့်ဆက်စပ်သည့် သွေးဆောင်လိမ်လည်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာအသိပညာပေး Video Clip အား ပြသသည်။

ထို့နောက် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အေးမင်းအောင်နှင့် ဒုတိယရဲအုပ် သင်းသင်းလှိုင်တို့က  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုသိရှိလိုက်နာကြစေရန်၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရန် ဆောင်ရန်/ ရှောင်ရန်အချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)