ရတနာမာန်အောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နမ့်စန်(တ) ဩဂုတ် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရတနာမာန်အောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက သက်ဆိုင်ရာ ဌာနများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းက လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဟွမ်ခမ်းနှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကာ စာဖတ်ဝိုင်း ဆောင်ရွက်၍ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)