ပျော်ဘွယ် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအစီအစဉ်အရ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့်(၇)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူ ၄၀၀၈ ဦးကို အာဟာရပြည့်အစားအစာများ ကျွေးမွေးခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပူးပေါင်း၍ အသက်(၅)နှစ်မှ(၇)နှစ်ကြားရှိ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးစေရန် အာဟာရပြည့်အစားအစာများကျွေးမွေးခြင်းကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အာဟာရပြည့်အစားအစာများကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လဲ့လဲ့အောင်နှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အစာမစားမီ စနစ်တကျ လက်ဆေးနည်းများ၊ အစာစားပြီးပါက စနစ်တကျသွားတိုက်နည်းများကို ရှင်းလင်း သင်ကြားပေးကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)