စာဆိုဗိမာန်အဆောက်အအုံအချိန်မီပြီးစီးရေးနှင့် ခင်းကျင်းမှုတို့ကို ကဏ္ဍအလိုက်ပြည့်စုံအောင်ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ စာဆိုဗိမာန် သုံးထပ်(RC) အဆောက်အအုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ Myanmar land and development ltd မှ Project ဒါရိုက်တာဒေါ်ယုယုနိုင်က စာဆိုဗိမာန်သုံးထပ်အဆောက်အအုံတည်ဆောက်နေမှုနှင့် အခန်းများပြင်ဆင်ဖွဲ့စည်းထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စာဆိုဗိမာန်တည်ဆောက်ပြီးပါက အခန်းများအတွင်းထားသိုပြသမည့်ရုပ်တုပစ္စည်းများနှင့်ပုံများဖြင့် စာဆိုဗိမာန်၏ရုပ်လုံးကိုပေါ် လွင်လာစေရန်ပြင်ဆင်ကြရမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ခင်းကျင်းမှုများကို အချိန်နှင့်တစ်ပြေးညီပြီးစီးနိုင်ရေး ကြိုတင်ဆောင်ရွက်အတည်ပြုချက်ရယူ၍ လုပ် ဆောင်သွားကြရန်လိုအပ်ပါကြောင်း၊ အဆောက်အအုံအချိန်မီပြီးစီးရေးနှင့်ခင်းကျင်းမှုတို့ကို စာပေ/ရုပ်ရှင်/ဂီတ/သဘင်စသည့်ကဏ္ဍအလိုက် ပြည့်စုံအောင်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားပြီး တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)