စဉ့်ကိုင်မြို့ "ဘဝအလင်းသစ်"စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး

စဉ့်ကိုင် ဩဂုတ် ၂၆

မန္တလေးတိုင်း‌ဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အ-မ-က(သင်္ဂတုံ)နှင့်ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက သင်္ဂတုံ ကျေးရွာ  "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ဟောပြောပွဲများ ကျင်းပရ‌ခြင်းအကြောင်းပြောကြားပြီး ကလေးအလုပ်သမားအဓိပ္ပာယ်၊ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားအသက်အရွယ်အပိုင်းအခြားများ၊ ရှောင်ရန်ဆောင်ရန်များနှင့် ပြစ်မှုပြစ်ဒဏ်များကို  ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲတို့တွင်  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)