ချမ်းအေးသာစံ သြဂုတ် ၂၆
အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ELC ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ကျင်းပသည်။
ဦးစွာ ELC ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးညွန့်ရွှေက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်မြင့်မားစေရန်နှင့် စည်းကမ်းရှိစေရန်၊ ပညာရေးထူးချွန်စေရန်အတွက် ကြိုးစားအားထုတ်ကြရန် ပြောကြားသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းစတင်ရာ မအေးသီရိခိုင်မှ “လူငယ်နှင့်ကျန်းမာရေး”၊ မရွှေစင်ဖြိုးမှ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ မဟန်မြတ်မွန်မှ “မိန်းကလေးများနှင့် အမျိုးသမီးများ အခန်းကဏ္ဍ”၊ မစုပုံချစ်မှ “လူငယ်နှင့်နည်းပညာ”၊ မရွှေရည်ဖူး မှ “လူငယ်နှင့်စာဖတ်ခြင်း”စသည်တို့ကို ဆွေးနွေးသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူလေးများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြန်လည်ဖြေကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ELCကိုယ်ပိုင်အထက်တန်းကျောင်း သို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
ချမ်းမြေ့မောင်