အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ဂန္ဓကုဋိဘုရားကျောင်းဆောင်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရန် ရတနာပန္နက်တော်တင်

ချမ်းအေးသာစံ ဩဂုတ် ၂၆

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းဂန္ဓကုဋိဘုရားကျောင်းဆောင် တော်ကြီး အသစ်ပြန်လည်တည်ဆောက်လှူဒါန်းခြင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဩဂုတ်၂၅ရက်နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ဓာရုံကျောင်း တိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်  တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်၍ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ အမှူးပြုသည့် ဆရာတော် သံဃာတော်များက သိမ်နုတ်၊ ကမ္မဝါ နှင့် ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူ ကြသည်။

ဆက်လက်မြတ်ရတနာကျောင်းတိုက်တွင် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယက ဆရာတော် ဘဒ္ဒန္တသီလာစာရထံက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာပန္နက်တော်၊ ရွှေလက်ရိုက်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ကပ်လှူပူဇော်သည်။

ထို့နောက် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကဆရာတော်နှင့် ဆရာတော်၊သံ ဃာတော်များထံ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်ဒေသနာတော်မြတ်များ၊ရေစက်ချ တရားတော်များ နာယူကြည် ညိုကြပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။

ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များက သတ်မှတ်နေရာများ၌ မင်္ဂလာအချိန်တွင် ပန္နက်တော်တင်လှူပူဇော်ကာ အမွှေးနံ့သာရေများပက်ဖျန်းပေးကာ ဆရာတော်သံဃာတော်များအားနေ့ဆွမ်းး ဆက်ကပ်ခဲ့ကြောင်း   သိရသည်။

ထွန်းထွန်းနိုင်