မိုင်းရှူး သြဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကွင်းဖွင့်ပွဲနှင့်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါကွင်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးတင့်ဇော်ထူးနှင့် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်တို့က အမှာစကားပြောကြားပြီး နည်းစနစ်မှူး ဦးကျော်ဝင်းက အားကစားပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးမှဦးဆောင်၍ အားကစားအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ကျောင်းကောင်စီအသင်းခေါင်းဆောင်များနှင့် အသင်းသားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် (Grade-6,8,9) ကျောင်းသူလေးများက "မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမည်" သီချင်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး ဗန္ဓုလအသင်းနှင့် အလောင်းဘုရားအသင်း ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)