ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်း အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရေး ဩဂုတ် ၂၆

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအစမ်းလေ့ကျင့်မှုကို ဩဂုတ် ၂၄ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်ရုံး၌ ဆောင်ရွက်သည်။

ဦးစွာ ရေးမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်က အဖွင့်အမှာစကားနှင့် ရေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အမှာစကားပြောကြားပေးပြီး ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုလတ်က မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဖြင့် မဲပေးရာတွင် လွယ်ကူလျင်မြန်နည်းစနစ်မှန်ကန်စွာ မဲပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ရပ်ကွက်နေပြည်သူများက ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အလားတူ ရေးမြို့နယ်အတွင်း ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေးခြင်းနှင့် အစမ်းလေ့ကျင့်မဲပေးမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)